ယာယီမဲပေးလွှာဖြင့်မဲပေးခြင်း

ယာယီမဲပေးလွှာဖြင့်မဲပေးခြင်း(Provisional Voting) ကို California တွင် 1984 ခုနှစ်မှစ၍ အသုံးပြုလာသည်။ မဲပေးပြီးပါက ယာယီမဲပေးလွှာ ပန်းရောင်အိတ်ထဲသို့ ထည့်ပြီး စီမံဆောင်ရွက်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများက မဲဆန္ဒရှင်၏ မဲဆန္ဒရှင်မှတ်ပုံတင်မှု မှန်ကန်အကျုံးဝင်ကြောင်းနှင့် အဆိုပါရွေးကောက်ပွဲတွင် မဲဆန္ဒရှင်သည် ယခင်က မဲပေးထားခြင်းမရှိကြောင်း အတည်ပြုပြီးမှသာ ယာယီမဲပေးလွှာများကို ထည့်သွင်းရေတွက်ပါသည်။
ပြီးခဲ့သောရွေးကောက်ပွဲမှတ်တမ်းများအရ ယာယီမဲပေးလွှာများ၏ ပျမ်းမျှ 85 ရာခိုင်နှုန်းမှ 90 ရာခိုင်နှုန်းအထိသည် မှန်ကန်အကျုံးဝင်သောမဲများဖြစ်ပြီး မဲရေတွက်မှုတွင် ထည့်သွင်းရေတွက်ခြင်းခံရသည်။
ရွေးကောက်ပွဲနေ့ပြီးနောက် ရက်ပေါင်း 30 အကြာတွင် မဲဆန္ဒရှင်များသည် မိမိတို့၏ ယာယီမဲပေးလွှာ၏ အခြေအနေကို စစ်ဆေးနိုင်ပါသည်
ယာယီမဲပေးလွှာဖြင့် မဲပေးခဲ့သော မဲဆန္ဒရှင်တိုင်းသည် မိမိတို့၏မဲကို ရေတွက်ခဲ့ခြင်း ရှိမရှိနှင့် မရေတွက်ခဲ့ပါက မည်သည့်အကြောင်းကြောင့် မရေတွက်ခဲ့သည်ကို သိရှိခွင့်ရှိပါသည်။
- မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲပြီးနောက် ရက်ပေါင်း 30 အကြာတွင် ယာယီမဲပေးလွှာအခြေအနေစစ်ဆေးသည့် အွန်လိုင်းကိရိယာကို အသုံးပြု၍ မိမိတို့၏ မဲပေးလွှာအခြေအနေကို အွန်လိုင်းမှ စစ်ဆေးနိုင်ပါသည်။ လိုအပ်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- သင့်နောက်ဆုံးအမည်
- သင့်မွေးနေ့
- သင့်အိမ်နံပါတ် (သင့်နေအိမ်နံပါတ်သာဖြစ်ပြီး၊ လမ်းအမည် မလိုအပ်ပါ)
- ကွန်ပျူတာဖြင့် အသုံးပြုရန် အခွင့်အရေးမရှိသော မဲဆန္ဒရှင်များသည် (213) 374-3655 ကို ဖုန်းခေါ်ဆိုနိုင်ပါသည်။
ယာယီမဲပေးလွှာဖြင့်မဲပေးခြင်းအား ဘယ်အချိန်မှာ လိုအပ်သနည်း။
- ePollbook (အီလက်ထရွန်းနစ် မဲဆန္ဒရှင်စာရင်း) တွင် မဲဆန္ဒရှင်သည် လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတဆင့်ဖြစ်စေ မဲပေးပြီးထားကြောင်း (VOTED) ဟု ဖော်ပြထားသည့်အခါ
- ePollbook တွင် မဲဆန္ဒရှင်၏ အခြေအနေကို သက်ဝင်လှုပ်ရှားမှုမရှိသော မဲဆန္ဒရှင် (INACTIVE) ဟု ဖော်ပြထားပြီး မဲဆန္ဒရှင်က သတ်မှတ်ထားသော ကျမ်းကျိန်ချက်ကို ပြုလုပ်ရန် ငြင်းဆိုသည့်အခါ
- ePollbook တွင် မဲဆန္ဒရှင်သည် အခြားကောင်တီမှ မဲဆန္ဒရှင် (OUT OF COUNTY) ဟု ဖော်ပြထားသည့်အခါ
- ePollbook တွင် မဲဆန္ဒရှင်ကို မဲဆန္ဒရှင်အသစ် (NEW) ဟု ဖော်ပြထားပြီး မဲဆန္ဒရှင်က သတ်မှတ်ထားသော သက်သေခံအထောက်အထား (ID) ကို မတင်ပြသည့်အခါ
ယာယီမဲပေးလွှာဖြင့်မဲပေးခြင်းအား ဘာကြောင့် အသုံးပြုရသနည်း။
- ယာယီမဲပေးလွှာဖြင့်မဲပေးခြင်းသည် မှတ်ပုံတင်ထားသော မဲဆန္ဒရှင်တစ်ဦး၏ အမည်ကို ePollbook တွင် စာရေးမှားယွင်းမှု၊ စာရွက်စာတမ်းဆောင်ရွက်မှုဆိုင်ရာ အမှားအယွင်း၊ ကွန်ပျူတာဆိုင်ရာ ပြဿနာ သို့မဟုတ် အခြားအမှားအယွင်းများကြောင့် မတွေ့ရှိရသည့်အခါ ထိုမဲဆန္ဒရှင်၏ မဲပေးပိုင်ခွင့်ကို မဆုံးရှုံးစေရန် သေချာစေသည်။
- ယာယီမဲပေးလွှာဖြင့်မဲပေးခြင်းသည် မဲဆန္ဒရှင်တစ်ဦးက ရွေးကောက်ပွဲတစ်ခုတည်းတွင် မှားယွင်း၍ နှစ်ကြိမ်မဲပေးမိခြင်း မရှိစေရန် မှတ်ပုံတင်အရာရှိ-မှတ်တမ်းယူသူ/ကောင်တီစာရေးရုံးမှ မဲဆန္ဒရှင်၏ မဲပေးမှုကို စစ်ဆေးအတည်ပြုနိုင်စေသည်။
- မဲဆန္ဒရှင်တစ်ဦးသည် မိမိမဲပေးရန် မှတ်ပုံတင်ထားသည့် ကောင်တီအတွင်းရှိ မည်သည့် မဲစင်တာတွင်မဆို ယာယီမဲပေးလွှာဖြင့် မဲပေးနိုင်သည်။ သို့သော် ထိုမဲဆန္ဒရှင် မဲပေးခွင့်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ ပြိုင်ပွဲများအတွက် ပေးထားသောမဲများကိုသာ ထည့်သွင်းရေတွက်မည်ဖြစ်သည်။
သံသယရှိပါက ယာယီမဲပေးလွှာဖြင့် မဲပေးနိုင်ကြောင်းကို သတိရလိုက်ပါ။ မဲရုံတွင် မည်သည့်ပြဿနာမျိုးကိုမဆို ကြုံတွေ့ရစေကာမူ ယာယီမဲပေးလွှာဖြင့် မဲပေးပိုင်ခွင့်သည် မဲဆန္ဒရှင်တစ်ဦးတွင်ရှိသော ကိုယ်ပိုင်အခွင့်အရေးဖြစ်သည်။ မဲပေးခြင်းလုပ်ငန်းစဉ်သည် မည်သည့်အခါမျှ ရပ်တန့်သွားခြင်းမရှိပါ။ ယာယီမဲပေးလွှာဖြင့် မဲပေးခြင်းသည် ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်အားလုံး မဲပေးခွင့်ရရှိစေရန် သေချာစေသည့် နည်းလမ်းတစ်ခုဖြစ်သည်။